Skip to main content

အဝေးသင်ပညာရေးမှာ အနီးကပ် နှစ်ကြိမ် ခွဲတက်ခြင်း လာမယ့်နှစ်မှာ စတင်ဖို့စီစ​ဥ် နေ။


အဝေးသင်ပညာရေးမှာ အနီးကပ် နှစ်ကြိမ် ခွဲတက်ခြင်း လာမယ့်နှစ်မှာ စတင်ဖို့စီစ​ဥ် နေ။

နေပြည်တော်၊အောက်တိုဘာလ-၁၆ ရက်။အဝေးသင်တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့
အနီးကပ်ကျောင်းတက်ရက် နှစ်ကြိမ် ခွဲ တက်ခြင်းအစီအစဉ်ကို လာမယ့်နှစ်မှာ စတင်ဖို့စီစဉ်နေတယ်လို့ပညာရေးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကပြောပါတယ်။

 ဒေါက်တာမျိုးသိမ်းကြီးက` နောက်နှစ် ၂၀၂၀ မှာ စတင်ဆောင်ရွက်နိုင်ဖို့အတွက်တော့ စီစဉ်နေပါတယ်။

တစ်ချို့ဆိုလည်း ဒီလိုဆောင်ရွက်တဲ့အတွက် အခက်အခဲ ရှိနိုင်တဲ့သူတွေ ရှိတယ်။ခွင့်မရနိုင်တဲ့လူတွေ ဒါမျိုးဆိုရင်လည်း ကျွန်တော်တို့က ၁၀ ရက်အတွက်ကို သူတို့ရဲ့
YUDE  MUDE မှာ ဘယ်လောက်လက်ခံနိုင်မလဲ
ဒီဟာတွေနဲ့အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်`လို့ပြောပါတယ်။

     အဝေးသင်ပညာရေး အရည်အသွေးမြင့်မားစေဖို့
ရည်ရွယ်ပြီး ပုံမှန်တက်ရောက်နေရတဲ့ အနီးကပ်တိုက်ရိုက် ၁၀ ရက်အစားလာမယ့်နှစ်ကစပြီး Orientation (ဘာသာရပ် မိတ်ဆက်ခြင်း) အဖြစ် ဝိဇ္ဇာဘာသာရပ် အထူးပြုတွေကို မေလတွင် ၅ ရက် ၁ ကြိမ်၊ နိုဝင်ဘာလမှာ နောက်ထပ် ၅ ရက်အဖြစ် စုစုပေါင်း ၂ ကြိမ်တက်ရောက်ဖို့ ပညာရေးဝန်ကြီးဌာနကနေ စီစဉ်နေတာဖြစ်ပါတယ်။

အခုလို နှစ်ကြိမ်ခွဲတက်ဖို့စီစဉ်နေခြင်းအတွက်လည်း ကျောင်းသူ ကျောင်းသားအချို့အနေနဲ့အဆင်မပြေနိုင်တာကြောင့် ကန့်ကွက်မှု ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ အဝေးသင်တက္ကသိုလ်တက်ရောက်ရတဲ့ ကျောင်းသား၊ကျောင်းသူ အများစုဟာလုပ်ငန်းခွင်မှာ ဝင်ရောက် အလုပ်လုပ်ကိုင်သူတွေဖြစ်တာကြောင့် သည်လိုနှစ်ကြိမ် ခွဲတက်ရောက်ရန်စီစဉ်ပါက လုပ်ငန်းခွင် အခက်အခဲများရှိခြင်း ၊ ကုန်ကျစရိတ်ပိုလာခြင်း စတဲ့အခက်အခဲများစွာကို ကြားရတာကြောင့်
ပြန်လည်စဉ်းစားပေးမယ်လို့ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။

   ဒါ့ကြောင့်လည်း သည်နှစ်မှာ အဝေးသင်တက်ရောက်တဲ့သူတွေအနေနဲ့ပုံမှန်တက်နေကျအတိုင်း တက်ရောက်နေကြရတာဖြစ်ပါတယ်။

   ဒေါက်တာမျိုးသိမ်းကြီးက`အဝေးသင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက ကျောင်းအပ်တယ်ပေါ့။
ပြီးလို့ရှိရင် အနီးကပ် ၁၀ ရက်ပဲ တက်တယ်။ စာမေးပွဲဖြေတယ်ပေါ့။ ဒါလေးကို သင်ယူမှုနည်းလမ်းလေးနည်းနည်းပြောင်းဖို့လိုပါတယ်။ သူတို့ တွေသည် လာပြီးတော့ကျောင်းအပ်တဲ့အချိန်မှာ သူတို့ရမယ် ပြဌာန်းစာအုပ်တွေ။
သင်ထောက်ကူတွေ။ ဒါတွေ ကိုသူတို့ကဘယ်လိုဖတ်မယ်။ ဘယ်လိုသင်ယူရမယ်ဆိုတာကိုနားလည်ဖို့လိုပါတယ်`လို့
ပြောပါတယ်။ သူကဆက်ပြီး`ဒါလေးတွေကို Orientation Teaching ငါးရက် မေလမှာပေးလိုက်မယ်။

ဒါဆိုရင်သူတို့က အလုပ်လုပ်ရင်းနဲ့ ဒါမှမဟုတ်ရင် ကိုယ်ပိုင်အလုပ်လေးတွေလုပ်ရင်းနဲ့ စာဖတ်မယ်။ သင်ယူမယ်ပေါ့။ ပြီးတော့မှအနီးကပ် ငါးရက်လာမယ်။ စာမေး ပွဲဖြေတယ်ဆိုရင်တော့ ဒီထက်တော့ အရည်အသွေးပိုကောင်းလိမ့်မယ်လို့
ကျွန်တော်တို့ထက်အတွေ့အကြုံရှိတဲ့ လန်ဒန်အိုးပန်းယူနီဘာစီတီက သုတေသန လေ့လာစမ်းစစ်ချက်အနေနဲ့အကြံပြုထားတာဖြစ်ပါတယ်`လို့ပြောပါတယ်။

    ဒါ့အပြင် အရင်က အဝေးသင်ပညာရေးမှာ အထက်မြန်မာပြည်အတွက် စာစဉ်နဲ့မေးခွန်းတွေကိုမန္တလေးတက္ကသိုလ်မှ ထုတ်ပေးပြီး၊ အောက်မြန်မာပြည်အတွက် စာစဉ်နဲ့မေးခွန်းတွေကိုတာ့ ရန်ကုန်တက္ကသိုလ်မှ ထုတ်ပေးခဲ့ကာ သည်နှစ်မှာတော့ သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများမှ ထုတ်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့တစ်နိုင်ငံလုံးရှိ အဝေးသင် ပညာရေးစနစ် ဝိဇ္ဇာ၊ သိပ္ပံနယ်ပယ်စုံမှာ တက်ရောက်ကြတဲ့ ကျောင်းသား၊ကျောင်းသူ ဦးရေ ငါးသိန်းခွဲခန့်ရှိတယ်လို့သိရပါတယ်။

မာရီခိုင်